ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အွန်လိုင်းမှတစ်ဆင့် အမြန်ဆုံးဆောင်ရွက်နိုင်မည့် မြန်မာအလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် စတင် ((၂၂-၉-၂၀၁၆)ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါ)

ပည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီအစိုးရအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား၊ တစ်နည်းအားဖြင့် ပြည်သူ့ဘဝ လိုအပ်ချက်များကို တစ်နေ့ထက်တစ်နေ့၊ တစ်စထက်တစ်စ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သောပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နိုင်သည်နှင့်အမျှ ပြည်သူ့အကျိုးစီးပွားတိုးတက်မြင့်မားလာပြီး''ရေမြင့်ကြာတင့်'' ဆိုသကဲ့သို့ နိုင်ငံ၏ဂုဏ်ဒြပ်လည်း ပိုမိုဝင့်ထည်ခိုင်မာလာမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်သူ့ကိုယ်စား နိုင်ငံတော်၏ အရေးအရာကိစ္စအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်နေကြသည့် နိုင်ငံ၏ယန္တရားများဖြစ်သော ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားတိုးတက်မြင့်မားရေး သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပြည်သူများသိရှိနိုင်ရန်အတွက် ''တက်ကြွအားသွန်နိုင်ငံ့ဝန်၌'' အခန်းကဏ္ဍတစ်ခုအဖြစ် စီစဉ်တင်ပြလိုက်ပါသည်။ သတင်းဆောင်းပါး - သီသီမင်း ဓာတ်ပုံ - မင်းသစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနအနေဖြင့် (Asean Single Window)ကို ဝင်ရောက်ချိတ်ဆက်နိုင်ရေးနှင့် မြန်မာ့အကောက်ခွန်၏ ထုတ်ကုန်၊ သွင်းကုန်ဆိုင်ရာ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များကို အချိန်ကုန်သက်သာစွာဖြင့် အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည့် မြန်မာအလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (MACCS) နှင့် မြန်မာ့အကောက်ခွန်သတင်းအချက်အလက်စနစ် (MCIS) တစ်ခုလုံး စတင်အသုံးပြုမှု ပထမအဆင့်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ မှစတင်ကာ အသုံးပြုသွားမည်ဖြစ်သည်။ ''၂ဝ၁၆ နိုဝင်ဘာစစချင်းမှာ ရန်ကုန်တိုင်းဒေသကြီး ဧရိယာအတွင်းမှာ ဆောင်ရွက်သွားမှာပါ။ Network ပိုင်းဆိုင်ရာတွေ ပြင်ဆင်ဆောင်ရွက်ထားတာ အားလုံး ၁၄ နေရာရှိပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်ဆိပ်ကမ်းတစ်လျှောက်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်း လုပ်နေတဲ့ ဆိပ်ကမ်းတွေမှန်သမျှ၊ နောက်တစ်ခုက လေကြောင်းကနေဝင်လာတဲ့ သွင်းကုန်တွေ၊ ထုတ်ကုန်တွေနှစ်ခုစလုံး ကိုင်တွယ်ဆောင်ရွက်သွားနိုင်အောင် ဆောင်ရွက်ထားရှိပါတယ်'' ဟု အကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောသည်။ တိုးချဲ့တပ်ဆင်အသုံးပြုနိုင်ရေး ထို့ပြင် MACCS စနစ်မှ Custom Duty အပါအဝင် အခွန်အမျိုးအစား ၁ဝ မျိုးကို ကောက်ခံသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် နယ်စပ်ထွက် ပေါက်များ၌ တိုးချဲ့တပ်ဆင်အသုံးပြုနိုင်ရေးကို ၂ဝ၁၈ ခုနှစ်နောက်ပိုင်းတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အကောက်ခွန်ဆိုင်ရာကုန်ပစ္စည်းများရှင်းလင်း ထုတ်ယူမှုလုပ်ငန်းစဉ်များတွင် Manual (စာရွက်စာတမ်းများဖြင့်ဆောင်ရွက် သည့်စနစ်) ဖြင့် ဆောင်ရွက်နေရသည့်အတွက် အချိန်ကြန့်ကြာခြင်း၊ ကုန်ကျစရိတ်များပြားခြင်း၊ ကုန်သွယ်မှုကိန်းဂဏန်းပြုစုရာတွင် အခက်အခဲရှိခြင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးအတွက် အဟန့်အတားဖြစ်ပေါ်စေခြင်း၊ ဝန်ထမ်းနှင့်ပြည်သူ ထိတွေ့ဆောင်ရွက်ရမှုများပြားသဖြင့် အဂတိလိုက်စားမှု ဖြစ်ပေါ်စေခြင်းစသည့် အားနည်းချက်များရှိကြောင်း သိရသည်။ ပြည့်ပြည့်ဝဝအခွန်ကောက်ခံနိုင် ''အကောက်ခွန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံက Manual သွားနေတဲ့အပိုင်းမှာ အချိန်အများကြီးကြာမြင့်တယ်၊ သွင်းကုန်၊ ထုတ် ကုန်လုပ်ငန်းရှင်တွေအတွက်လည်း ဈေးကွက်မှာ အချိန်မီဝင်ရောက်ဖို့အတွက် အများကြီးအခက်အခဲရှိတယ်။ ဒီ Online စနစ်ကို အကောင်အထည်ဖော် လိုက်ခြင်းအားဖြင့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ လွယ်ကူလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အခွန်ကောက်ခံ တဲ့အပိုင်းမှာလည်း ဒီစနစ်အရ ကောက်ခံသွားမယ်ဆိုရင် ပြည့်ပြည့်ဝဝအခွန် ကောက်ခံနိုင်မှာဖြစ်သလို စာရင်းဇယားအားဖြင့်လည်း မှန်မှန်ကန်ကန်ဖြစ်လာ မှာပါ''ဟု အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ပြောသည်။ အဆိုပါ အခက်အခဲများကို လျော့နည်းပပျောက်စေရန် ဂျပန်နိုင်ငံတွင် လက်ရှိကျင့်သုံးပြီး အောင်မြင်လျက်ရှိသည့် NACCS(Nippon Automated Cargo and Port Consolidated System)စနစ်နှင့် CIS (Customs Intelligence System) တို့ကိုအခြေခံ၍ မြန်မာအလိုအလျောက်ကုန်ပစ္စည်း ရှင်းလင်းရေးစနစ်(MACCS)နှင့် မြန်မာ့အကောက်ခွန်သတင်းအချက်အလက် စနစ်(MCIS)တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နည်းပညာပိုင်း ထောက်ပံ့ ''ဒီစနစ်က ဂျပန်နိုင်ငံရဲ့ မူပိုင်စနစ်ပါ။ ဂျပန်နိုင်ငံမှာ ကျင့်သုံးနေတာ ၁၉၇၈ ခုနှစ်ကတည်းကပါ။ ဂျပန်အစိုးရရဲ့ အကူအညီ(Grant Aid)ပေါ့။ ငွေကြေးတင်မကဘူး၊ နည်းပညာပိုင်းရော ကျွန်တော်တို့ကို ထောက်ပံ့ပေးတာပါ'' ဟု အကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောသည်။ ဂျပန်နိုင်ငံတွင် အသုံးပြုသူများ၏ ယုံကြည်စိတ်ချရမှုရရှိနေသည့် NACCS စနစ်သည် ဂျပန်နိုင်ငံရှိ သွင်းကုန်၊ ထုတ်ကုန်ကြေညာလွှာ စုစုပေါင်း ၉၈ ရာခိုင်နှုန်းကို ၂၄ နာရီပတ်လုံး ကိုင်တွယ်ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြု ပေးလျက်ရှိကြောင်း သိရသည်။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆောင်ရွက် ''အခုစတင်ကျင့်သုံးမယ့် MACCS စနစ်နဲ့ MCIS စနစ်နှစ်ခုမှာ တကယ်တမ်းပြောရရင် MACCS စနစ်က အကောက်ခွန်အပါအဝင် ပုဂ္ဂလိက တွေရော၊ အခြားသော အစိုးရအဖွဲ့အစည်းဌာနတွေရော အကုန်လုံးသုံးစွဲ လို့ရတယ်။ ဒါပေမယ့် MCIS စနစ်ကတော့ မြန်မာ့အကောက်ခွန်ဌာန တစ်ခုတည်းကပဲ သုံးလို့ရပါတယ်။ သို့သော် ဒီစနစ်နှစ်ခုလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆောင်ရွက်မှသာ အောင်အောင်မြင်မြင်နဲ့ လည်ပတ်သွားနိုင်မှာ ဖြစ်ပါတယ်''ဟု ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောသည်။ ယခုအသုံးပြုသည့် မြန်မာအလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (MACCS)၏ ထူးခြားချက်မှာ ၂၄ နာရီပတ်လုံး အွန်လိုင်းဖြင့် လုပ်ငန်း ဆောင်ရွက်နိုင်သဖြင့် အလုပ်ချိန်၊ ရုံးချိန်ပြင်ပတို့တွင် ကြေညာလွှာတင်သွင်း ခြင်းများကို လွယ်ကူစွာ လက်ခံဆောင်ရွက်နိုင်ခြင်း၊ အခွန်အရပ်ရပ်ပေးဆောင် ခြင်းအား ကြိုတင်အပ်နှံငွေနှင့် ဘဏ်အာမခံစနစ်ဖြင့် ပေးဆောင်နိုင်ခြင်း၊ ယခင်က ကုန်ပစ္စည်းရှင်းလင်းထုတ်ယူရာတွင် အခွန်ဆောင်ပစ္စည်း စစ်ထုတ်ယူသည့်စနစ်မှ ပစ္စည်းစစ် အခွန်ဆောင်ထုတ်ယူမှုစနစ်သို့ ပြောင်းလဲ ကျင့်သုံးခြင်း၊ အခွန်အရပ်ရပ် တွက်ချက်မှုအတွက် ဗဟိုဘဏ်မှ နေ့စဉ် ထုတ်ပြန်ပေးသော Daily Exchange Rate အစား Weekly Exchange Rate သို့ ပြောင်းလဲကျင့်သုံးခြင်း စသည့်အချက်များပင်ဖြစ်သည်။ မြန်မာ့အကောက်ခွန်သည် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့အကောက်ခွန် အဖွဲ့သို့လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့အတွင်းသို့ ဝင်ရောက်ထားပြီး အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနယ်မြေ၊ ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ၊ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလားပင်လယ်အော် ဦးဆောင်ဦးရွက်မှုအစီအစဉ်နှင့် မဟာမဲခေါင်ဒေသတွင်းသဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိ ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အလျောက် အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)၊ အာဆီယံပြတင်း တစ်ပေါက်စနစ်တို့ကို ဝင်ရောက်ချိတ်ဆက်နိုင်ရေးအတွက် မြန်မာ့အကောက် ခွန်၏ ထုတ်ကုန်၊ သွင်းကုန်ဆိုင်ရာ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ် များ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ နိုဝင်ဘာလတွင် စတင်ကျင့်သုံးတော့မည့် MACCS စနစ်သည် National Single Window(NSW) အကောင်အထည်ဖော်ဆောင်ရွက်မှု ကိုပါ အထောက်အကူပြုနိုင်မည့် စနစ်တစ်ခုဖြစ်သည့်အတွက် အခြားအစိုးရ၊ ဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမအဆင့်တွင် သွင်းကုန်ထုတ်ကုန်ရှင်းလင်းရေး လုပ်ငန်းစဉ်များနှင့် ဆက်စပ်လျက်ရှိသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ အပင်ပိုးမွှား ကာကွယ်ရေးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ် စသည့် ဌာနအဖွဲ့အစည်းတို့ဖြင့် ချိတ်ဆက်ဆောင် ရွက်သွားမည်ဖြစ်သည်။ အမျိုးသားပြတင်းတစ်ပေါက်စနစ် ''ဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် နောက်မကျသေးပါဘူး။ အချိန်မီတယ်လို့ ပြောလို့ရတယ်။ အခုစနစ်က အမျိုးသားပြတင်းတစ်ပေါက်စနစ်ကိုပဲ တက်လှမ်းနိုင်သေးတာ။ အမျိုးသားပြတင်းတစ်ပေါက်စနစ် အောင်မြင်သွားရင်တော့ အာဆီယံပြတင်းတစ်ပေါက်စနစ်ကို ချိတ်ဆက်နိုင်ပြီ''ဟု အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးလွင်က ပြောသည်။ MACCS System ကိုစတင်ရန် ၂ဝ၁၃ ခုနှစ် ဇူလိုင်လကုန်မှစ၍ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာတွင် Brief Design ပြီးစီးခဲ့ပြီး Detail Design ကို မတ်လကုန်တွင် ရေးဆွဲနိုင်ခဲ့ကြောင်းနှင့် Running Test ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလ အထိ (၃)လကြာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ''စမ်းသပ်ကာလကို စတင်ဆောင်ရွက်နေပါတယ်။ ဒီကြားထဲမှာ Network ပိုင်းဆိုင်ရာကိစ္စရပ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ Software ပိုင်းဆိုင်ရာကိစ္စရပ်တွေ၊ User Guide Line တွေ ပြုစုတာတွေ၊ နောက်ပြီး website ရေးဆွဲတာတွေ ဒါတွေအားလုံးကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာ အရာရှိတွေ၊ ပုဂ္ဂလိက က ပုဂ္ဂိုလ်တွေကို သင်တန်းတွေ၊ အသိပညာပေးမှုတွေ ဆောင်ရွက်ထားပြီးလည်းဖြစ်ပါတယ်''ဟု အကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောသည်။ မြန်မာအလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် မြန်မာအလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် MACCS စနစ် ကို အသုံးပြုမည်ဆိုပါက အသုံးပြုသူ User အနေဖြင့် အကောက်ခွန်ဦးစီးဌာန တတိယထပ်ရှိ MACCS ဌာနခွဲ မှတ်ပုံတင်ဌာန၌ မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်ပြီး မှတ်ပုံတင်ပြုလုပ်ထားသည့် Usear အသုံးပြုနိုင်ရန် User ID Password ပေးခြင်း၊ System ကို ဝင်ရောက်နိုင်ရန် ကွန်ပျူတာ ကီးပေးခြင်း တို့အပြင် အသုံးပြုမည့် ကွန်ပျူတာအရည်အတွက်ကိုလိုက်၍ Computer Terminal ID ပေးခြင်းတို့ကို ပြုလုပ်ပေးမည်ဖြစ်ပြီး အဆိုပါအချက် သုံးချက် ပြည့်စုံသူကသာ System သို့ ဝင်ရောက်ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း၊ အကောက်ခွန်ဌာန MACCS ဌာနခွဲ (IT) မှသိရသည်။ ''လက်ကိုင်ဖုန်းတွေကနေ WiFi Hotspot လွှင့်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာတစ်လုံးနဲ့ ဖုန်းတစ်လုံးနဲ့ဆို ဖုန်းမိတဲ့နေရာတွေကနေ လုပ်နိုင်ပါတယ်။ Internet ကို အသုံးပြုရတဲ့အတွက် အခက်အခဲမရှိနိုင်ပါဘူး။ ဒီစနစ်က ၂၄ နာရီလုံး ရုံးပိတ်ရက်ပါမကျန် အသုံးပြုနိုင်ပါတယ်။ ကြိုက်တဲ့ အချိန်တင်လို့ရပါတယ်။ အရင်က စာရွက်စာတမ်းနဲ့ဆို ၃၊ ၄ ရက် ကြာတဲ့ အချိန်မှာ အခု ၃ စက္ကန့်အတွင်း လုပ်ငန်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်''ဟု MACCS ဌာနခွဲ (IT)မှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေက ပြောသည်။ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာ့အကောက်ခွန်ဌာနသည် ကမ္ဘာ့အကောက်ခွန်အဖွဲ့၊ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ စွမ်းဆောင်ရည်ပျိုးထောင်တည်ဆောက် ရေးဆိုင်ရာဒေသရုံး-အာရှပစိဖိတ်၊ ဒေသတွင်း စုံစမ်းစစ်ဆေးမှု ဆက်ဆံဆောင်ရွက်ရေးရုံး၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ အကောက်ခွန်အဖွဲ့အစည်းများ၊ ကမ္ဘာ့ဉာဏပစ္စည်း ဆိုင်ရာအဖွဲ့၊ ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များ နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ထို့ပြင် အကောက်ခွန်ဦးစီးဌာနသည် နိုင်ငံတော်အတွင်းသို့ တင်သွင်းလာသောပစ္စည်းများ ပြည်ပသို့တင်ပို့သောပစ္စည်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ အခွန်အကောက်များကြီးကြပ်ကောက် ခံခြင်း၊ သွင်းကုန်၊ ပို့ကုန်များကို တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ ကြပ်မတ်ခြင်း၊ စုံစမ်းဖော်ထုတ်အရေးယူခြင်း၊ သွင်းကုန်၊ ပို့ကုန်များ၏ ကုန်သွယ်မှုကိန်းဂဏန်းများကို စာရင်းပြုစုခြင်း၊ အကောက်ခွန်လုပ်ထုံး လုပ်နည်းများခေတ်မီစေရေး ဆောင်ရွက်ခြင်း၊ ဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေခြင်းအတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတွင် နယ်စပ်ဒေသကုန်သွယ်မှု ၂ဝ ရာခိုင် နှုန်းရှိပြီး ရေကြောင်းနှင့် လေကြောင်းမှ ကုန်သွယ်မှုမှာ ၈ဝ ရာခိုင်နှုန်းရှိ ကြောင်း၊ အဓိက ရေကြောင်းကုန်သွယ်မှု အများဆုံးဖြစ်ကြောင်း၊ ကုန်သွယ်မှု လုပ်ငန်းများမှ ကောက်ခံရရှိသည့် အခွန်ငွေများမှာ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ကျပ် ၂၃၈ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ကျပ် ၅၁၄ ဘီလီယံ ကောက်ခံရရှိခဲ့ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှုလုပ်ငန်းများမှ ကောက်ခံရရှိသည့် အခွန်ငွေသည် တိုးတက်လာကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။ ရင်းနှီးမြှုပ်နှံမှုတွေများလာ ''ကုန်သွယ်မှုပြုတဲ့အခါ လုပ်ငန်းရှင်တွေက သူတို့ကုန်စည်တွေကို မြန်မြန် တင်သွင်းချင်တယ်။ တင်ပို့ချင်တယ်။ ရှင်းလင်းပြတ်သားပြီး ခိုင်မာတဲ့ လုပ်ငန်းစဉ်ကို လိုချင်ကြတယ်။ ရင်းနှီးမြှုပ်နှံတဲ့သူတွေအနေနဲ့လည်း ဒီနိုင်ငံမှာ အခွန် မူဝါဒဘယ်လိုရှိလဲ၊ ကုန်သွယ်မှုမူဝါဒဘယ်လိုရှိသလဲဆိုတာ အရင်လေ့လာ ကြတယ်။ ကုန်သွယ်မှုမူဝါဒက ပွင့်လင်းမြင်သာမှုရှိတယ်။ အကောက်ခွန် မူဝါဒကလည်း ခိုင်မာတယ်။ ယုံကြည်ရတယ်။ စိတ်ချရတယ်။ မြန်ဆန်တယ် ဆိုတာ သိလာရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေများလာမှာပါ''ဟု အကောက် ခွန်ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးလွင်က ပြောသည်။ ခေတ်စနစ်တို့ ပြောင်းလဲလာမှုနှင့်အတူ နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စေရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြုစံလုပ်ထုံးလုပ်နည်းများ နည်းပညာများလည်း ပြောင်းလဲလာသည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း လက်ရှိဆောင်ရွက်နေသည့် သွင်းကုန်၊ ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်ကို အွန်လိုင်းစနစ်သို့ ပြောင်းလဲကျင့်သုံးလာခြင်းသည် လုပ်ငန်းများမြန်ဆန်သွက်လက်မှန်ကန်လာမည်ဖြစ်ပြီး သွင်းကုန်၊ ထုတ်ကုန်ရှင်းလင်းရေးလုပ်ငန်းများအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကုန်သွယ်မှုပမာဏများလည်း တိုးတက်လာနိုင်မည်ဖြစ်ကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍများကိုလည်း တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။